Showing posts with label Mo. Show all posts
Showing posts with label Mo. Show all posts

Monday, 21 September 2009

ကံကောင်းခြင်း ရေပန်း

ကံကောင်းခြင်း ရေပန်းဟာ မှော်ပညာနဲ့ စောင့်ရှောက်စီရင်ထားသော တံတိုင်းတွေကာရံထားတဲ့ မှော်ပန်းခြံထဲက တောင်ကုန်းလေး တစ်ခုပေါ် မှာ တည်ရှိ၏ ။ တစ်နှစ်မှာတစ်ခါ အဲ့ဒီနှစ်ရဲ့ နေထွက်ချိန်နဲ့ နေဝင်ချိန်အတွင်း အကြာဆုံးရက်မှာ ကံမကောင်းတဲ့သူ တစ်ယောက်ကို အဲ့ဒီမှော်ပန်းခြံထဲကို ဝင်ခွင့်ပေးပြီး စောင့်ရှောက်စီမံထားတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ကာ ကံကောင်းခြင်း
ရေပန်းမှာရေချိုးခွင့်ပေးပြီး ကံကောင်းခြင်းတွေကို ရရှိစေလေသည်။

နိုင်ငံပေါင်းများစွာက ရာချီတဲ့လူတွေဟာ အဲ့ဒီ သက်မှတ်ထားတဲ့ နေ့တာအရှည်ဆုံးနေ့ ရဲ့ အာရုဏ်တက်ချိန်မရောက်ခင် မှော်ပန်းခြံရဲ့ တံတိုင်းနားမှာလာရောက် စောင့်ဆိုင်းကြတယ်။ ယောကျာ်း မိန်းမ၊ သူချမ်းသာ သူဆင်းရဲ၊ လူကြီးလူငယ်၊မှော်ပညာနဲ့ရောက်လာသူ၊ မှော်ပညာမရှိဘဲ ရောက်လာသူ ပေါင်းစုံတို့ဟာ အမှောင်ထဲမှာ စုစည်းမိကြပြီး ပန်းခြံထဲ ဝင်ခွင့်ရဖို့ ကိုယ်စီကိုယ်စီ
မျှော်လင့်ကြလေ၏ ။

လူအုပ်နဲ့ အလှမ်းဝေးတဲ့ တနေရာမှာတော့ ခက်အခဲကိုယ်စီရှိကြတဲ့ ကဝေမသုံးယောက်ဟာ တစ်ယောက်ရဲ့ဝမ်းနည်းမှုကို တစ်ယောက် ပြောပြရင်း နေထွက်ချိန်ကို စောင်းဆိုင်းနေကြလေသည်။ အာရှာ လို့ခေါ်တဲ့ ပထမကဝေမ ကတော့ ဘယ်ဆေးဆရာမှကုလို့မရတဲ့ ရောဂါဝေဒနာ တစ်ခုကို ခံစားနေရသူဖြစ်တယ်။ သူမဟာ ရေပန်းကရေကိုချိုးလိုက်ရင် သူမရဲ့ ဝေဒနာတွေ အကုန်ပျောက်သွားပြီး အသက်ရှည်ပျော်ရွှင်စွာ နေထိုင်သွားနိုင်ဖို့ကို မျှော်လင့်တယ်။ အသီဒါ လို့ခေါ်တဲ့ ဒုတိယကဝေမ ကတော့ ဆိုးသွမ်းတဲ့ မိစ္ဆာကဝေကြီး တစ်ယောက်က သူမအိမ်ကိုဓားပြဝင်တိုက်ပြီး သူမရဲ့ရွှေတွေအပြင် မှောင်တောင်ဝှေးကို ပါလုယူသွားတာ ခံခဲ့ရတယ်။ သူမဟာ ရေပန်းမှာရေချိုးပြီးရင် ဆင်းရဲမှုကနေ လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ အမ်မတာ လို့ခေါ်တဲ့ တတိယ ကဝေမကတော့ သူမသိပ်ချစ်ရတဲ့သူ ပြစ်သွားတာကိုခံခဲ့ရတာကြောင့် သူမရဲ့နှလုံးသားက ဒဏ်ရာဟာ ဘယ်လိုမှ ပြန်ကောင်းမလာနိုင်ဘူးလို့ ထင်မှတ်ထားတယ်။ ဒါကြောင့် ရေပန်းက သူမရဲ့ ဝမ်းနည်းမှုတွေနဲ့ တမ်းတမှုတွေ ပပျောက်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေတယ်။သူတို့ သုံးယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သနားပြီး တကယ်လို့ သူတို့သာ ပန်းခြံထဲဝင်ဖို့ အခွင့်အရေး ရရှိခဲ့မယ်ဆိုရင် စည်းစည်းလုံးလုံးနဲ့ ရေပန်းဆီရောက်အောင်အတူတူကြိုးစားကြဖို့သဘောတူ
လိုက်ကြတယ်။

ကောင်းကင်မှာ ပထမဆုံး နေရောင်ခြည်တန်း ဖျာထွက်လာတာနဲ့ ပန်းခြံတံတိုင်းကနေ အက်ကြောင်းသေသေးလေးပေါ်လာတယ်။ လူအုပ်ကြီးကလဲ ကိုယ်စီကိုယ်စီ ရေပန်းမှာချိုးခွင့်ရဖို့ အော်ဟစ်ရင်း ရှေ့တိုးလာကြတာပေါ့ ။ ပန်းခြံထဲက တွားသွားပင်တွေဟာ လူအုပ်ကြားထဲက တိုးဝှေ့ထွက်လာပြီး အာရှာ့ကို ရစ်ပတ်လိုက်လေသည်။ အာရှာကလဲ အသီဒါရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်
လိုက်ပြီး အမ်မတာကတော့ အသီဒါရဲ့ ဝတ်ရုံကို မြဲမြဲဆွဲကိုင်လိုက်၏ ။ အဲ့ဒီအချိန်မှာပဲ အမ်မတာဟာ ပိန်ချုံးနေတဲ့မြင်းပေါ်က သံချပ်ကာဝတ်ထားတဲ့ သူရဲကောင်း တစ်ယောက်နဲ့ ချိပ်မိသွားသည်။ တွားသွားပင်တွေဟာ သူတို့သုံးယောက်ကို အက်ကြောင်း
လေးထဲ ဆွဲခေါ်သွားရင်း အဲ့ဒီသူရဲကောင်းဟာလဲ မြင်းပေါ်ကပြုတ်ကျပြီး သူတို့နဲ့ အတူပါလာလေသည်။

မနက်ခင်းရဲ့လေပြည်ထဲမှာ မကျေမနပ်အော်ဟစ်နေသံတွေ ဆူညံသွားပြီး ပန်းခြံတံတိုင်းပိတ်သွားတာနဲ့ ပြည်လည် တိတ်ဆိတ်
သွားလေ၏။ အာရှာနဲ့ အသီဒါတို့ဟာ မြင်းစီးသူရဲကောင်းကို မတော်တဆခေါ်လာမိတဲ့ အမ်မတာကို စိတ်ဆိုးနေကြတာပေါ့။

“ လူတစ်ယောက်ပဲ ရေပန်းမှာ ရေချိုးလို့ရမယ်။ ငါတို့သုံးယောက်ထဲက ဘယ်သူချိုးရမလဲဆိုတာတောင် ဆုံးဖြတ်ဖို့ ခက်လှပြီ။ ဘာလို့နောက်တစ်ယောက် ခေါ်လာရတာလဲ”

အဲ့ဒီအချိန်မှာ မြင်းစီးသူရဲကောင်း(သူ့နာမည်က မောင်ကံဆိုး လို့လူတွေကခေါ်ကြတယ်) ဟာ သူတို့သုံးယောက် ကဝေမတွေ ဆိုတာကို သိသွားပြီး မှောပညာလဲမရှိ၊ ဓားခြင်းယှဉ်နိုင်တဲ့ စွမ်းရည်လဲမရှိ၊ သူဟာ တခြားသာမန်လူတွေနဲ့ ဘာမှ မခြားနားတာကြောင့် ဒီကဝေမသုံးယောက်ကို အနိုင်ယူပြီး ရေပန်းဆီရောက်ဖို့ဆိုတာ မဖြစ်နိုင်မှန်းသိသွားတယ်။ အဲ့ဒါကြောင့် မောင်ကံဆိုး
ဟာ ပန်းခြံနံရံကိုဖောက်ပြီး အပြင်ပြန်ထွက်ဖို့ ကြိုးစားလေတော့သည်။ အဲ့ဒီမှာ အမ်မတာက စိတ်ဆိုးသွားကာ

“မြင်းစီးသူရဲကောင်းလုပ်နေပြီး သူရဲဘောကြောင်လိုက်တာ။ နင့်ရဲ့ဓားကို ထုတ်လိုက်စမ်း။ ငါတို့ကို ရေပန်းဆီရောက်အောင်သာ ကူညီပေတော့”


ဒီလိုနဲ့ ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲကောင်းတို့ဟာ မှော်ပန်းခြံထဲကို ရှေ့ဆက်ဝင်သွားကြတာပေါ့။ အဲ့ဒီ့ မှော်ပန်းခြံထဲမှာ ရှားပါးတဲ့ဆေးပင်တွေ၊ သစ်သီးတွေ ပန်းမာန်တွေဟာ နေရောင်ခြည်ဝင်းဖြာနေတဲ့ လမ်းဘေးတလျှောက်မှာ အများကြီးရှိလေသည်။ သူတို့ဟာ ရေပန်းရှိတဲ့ တောင်ကုန်းလေး ခြေရင်းရောက်တဲ့အထိ ဘာအန္တရာယ်မှ မရှိဘဲရောက်လာကြတယ်။ ဒါပေမယ့် အဲ့ဒီမှာပဲ တောင်ကုန်းကိုပတ်နေတဲ့ ဧရာမအဖြူရောင် တီကောင်အကြီးကြီးကို တွေ့ရလေသည်။ သူတို့ရောက်လာတဲ့အခါ အဲ့ဒီတီကောင်ကြီးက သူတို့ဘက်ကိုလှည့်ပြီး

“ နာကျင်မှုရဲ့ သက်သေပစ္စည်းကို ပေးပါ ” ဟုပြော၏ ။

မောင်ကံဆိုးက သူ့ရဲ့ဓားကိုထုတ်ပြီး အကောင်ကြီးကို တိုက်ခိုက်ဖို့ ကြိုးစားပေမယ့်လည်း ဓားပဲပြတ်တောက်သွားသတဲ့။ ဒါနဲ့ အသီဒါက တီကောင်ကြီးကို ခဲတွေနဲ့ပြစ်ပေါက်ပါလေရော။ အာရှာနဲ့ အမ်မတာ တို့ကတော့ မှော်ဂါထာမန္တာန်တွေ သုံးပြီးတော့ ကြိုးစားပေမယ့်လည်း သူတို့ မှော်တောင်ဝှေးတွေရဲ့ အစွမ်းဟာ သူတို့သူငယ်ချင်းရဲ့ကျောက်ခဲတွေ နဲ့ မြင်းစီးသူရဲကောင်းရဲ့ဓား လိုပဲ အသုံး မဝင်ဘဲဖြစ်နေတယ်။ နေမြင့်လာတာနဲ့ အမျှ အာရှာဟာ ပင်ပန်းလာပြီး မျက်ရည်တွေကျလာတယ်။ အဲ့ဒီမှာပဲ တီကောင်ကြီးဟာ အာရှာရဲ့ မျက်ရည်တွေကို သောက်သုံးပြီး မြေပြင်ပေါ်က တွင်းကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
တီကောင်ကြီးပျောက်ကွယ်သွားလို့ သူတို့တွေဟာ ပျော်ရွှင်စွာနဲ့ တောင်ကုန်းကို စတက်ကြပြီး နေမွန်းမတည့်ခင် ရေပန်းဆီရောက်ရမယ်လို့ အသေအချာ တွက်ထားလိုက်ကြတယ်။ တောင်ကုန်းရဲ့ တစ်ဝက်လောက် အရောက်မှာပဲ မြေပြင်ပေါ်မှာ ရေးထားတဲ့ စာသားအချို့ကို သူတို့တွေ့လိုက်ရတာက…

“ လုပ်အားရဲ့ အသီးအပွင့်ကို ပေးပါ ”

မြင်းစီးသူရဲ မောင်ကံဆိုးဟာ သူ့ရဲ့ ငွေစအချို့ကို ထုတ်ပြီး မြက်ခင်းပြင်ပေါ်ဖြန့်ကျဲလိုက်တယ်။ ဒါပေမယ့် ငွေစလေးတွေဟာ တောင်ကုန်းဘေးကို လိမ့်ဆင်းပြီး ပျောက်ကွယ်သွားသည်။ ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲ တို့ဟာ ဆက်ပြီး တက်ကြပေမယ့် ရှေ့ဆက်မရောက်ဘဲ အဲ့ဒီစာရေးထားတဲ့ မြေကြီးရှေ့မှာပဲ ရှိနေကြသတဲ့။ နေမင်းဟာ သူတို့ခေါင်းပေါ်ကနေ ကျော်ပြီး နောက်ဘက် မိုးကုပ်စက်ဝိုင်းကို ဦးတည်သွားတဲ့ အခါ သူတို့ဟာ စိတ်ဓာတ်တွေ ကျနေကြပြီပေါ့။ ဒါပေမယ့် အသီဒါက ကျန်တဲ့လူတွေထက်ပိုကြိုစားပြီး ပြင်းပြင်းထန်ထန်လျှောက်လေသည်။ သူမဟာပင်ပန်းနေပြီး ရှေ့ကိုတစ်လှမ်းမတိုးပေမယ့်လည်း ကျန်တဲ့လူတွေကိုလဲ သူ့ကိုအတုယူဖို့ပြောခါ လျှောက်မြဲလျှောက်နေ၏ ။

“ အားတင်းထား သူငယ်ချင်းတို့။ စိတ်မလျှော့ကြနဲ့ ” လို့ပြောရင်း သူမရဲ့ နဖူးက ချွေးတွေကို သုတ်လိုက်တယ်။

ချွေးစက်တွေဟာ မြေပြင်ပေါ်ကိုကျသွားတာနဲ့ မြေပြင်ပေါ်က စာတမ်းဟာ ပျောက်သွားပြီး သူတို့ ရှေ့ဆက်ပြီး တက်လို့ရသွားလေ၏ ။ ဒုတိယအခက်အခဲကို ကျော်လွှားသွားနိုင်တာကြောင့် သူတို့ဟာ ပျော်ရွှင်စွာနဲ့ ရှေ့ဆက်မြန်မြန်တက်သွားလိုက်ကြတာ ပန်းပင်တွေနဲ့ သစ်ပင်တွေကြားမှာ တလက်လက်စီးဆင်းနေတဲ့ ရေပန်းကို မြင်ရတဲ့နေရာထိ ရောက်သွားကြတယ်။

ဒါပေမယ့် သူတို့ရေပန်းဆီကို မရောက်ခင်မှာပဲ တောင်ထိပ်ကို ပတ်စီးဆင်းနေတဲ့ စမ်းချောင်းလေးတစ်ခုကိုတွေ့လိုက်ရတယ်။ စမ်းချောင်းရဲ့ကြည်လင်နေတဲ့ ရေထဲက ကျောက်တုံးတစ်ခုပေါ်မှာ ရေးထားတဲ့စာတွေက…

“ အတိတ်ရဲ့ ရတနာတွေကို ပေးခဲ့ပါ ”

မြင်းစီးသူရဲ မောင်ကံဆိုးဟာ စမ်းချောင်းကို သူ့ရဲ့ဒိုင်းပေါ်မှာ စီးပြီး ဖြတ်သန်းဖို့ကြိုးစားပေမယ့်လည်း သူ့ရဲ့ ဒိုင်းဟာ ရေထဲမှာ မြုတ်သွားလေတယ်။ ကဝေမသုံးယောက်က သူ့ကို ရေထဲက ဆွဲတင်ပြီး စမ်းချောင်းကို ခုန်ဖြတ်ဖို့ကြိုးစားကြတယ်။ ဒါပေမယ့်လဲ သူတို့ဟာ ဖြတ်ကျော်လို့မရဘဲ ဖြစ်နေလေသည်။ နေမင်းသည်လဲ ကောင်းကင်မှာ တဖြည်းဖြည်းနိမ့်ဆင်းလာနေပြီ ဖြစ်သည်။
ဒါကြောင့်မိုလို့ သူတို့ဟာ ကျောက်တုံးပေါ်ကရေးထားတဲ့ စာရဲ့အဓိပ္ပာယ်ကို နားလည်အောင်စဉ်းစားကြ ရာ.. အမ်မတာ က အရင်ဆုံးသဘောပေါက်သွားလေသည်။ အမ်မတာဟာ သူမရဲ့ မှော်တောင်ဝှေးကိုသုံးကာ သူမရဲ့ ချစ်သူနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ တဲ့ အမှတ်တရတွေကို သူမစိတ်ထဲကနေထုတ်ယူပြီး စမ်းချောင်ရေထဲကို ပစ်ချလိုက်သတဲ့။ စမ်းချောင်းလေးဟာ အဲ့ဒီ ပျော်ရွှင်မှုတွေကိုသယ်ဆောင်သွားပြီးတဲ့ အခါ စမ်းချောင်းထဲမှာ ကျေက်တုံးလေးတွေတန်းစီပေါ်လာပြီး သူတို့တွေ အဲ့ဒီကျောက်တုံးလေးတွေပေါ်ကနေဖြတ်ကူးလို့ ရသွားကြတယ်။ နောက်ဆုံးမှာတော့ ကဝေမ သုံးယောက်နဲ့ မြင်းစီးသူရဲတို့ဟာ တောင်ကုန်းထိပ်ကိုရောက်ရှိသွားကြလေသည်။


ရေပန်းဟာ ရှားပါးတဲ့ ဆေးမြစ်တွေနဲ့ သူတို့တခါမှ မမြင်ဘူးတဲ့ ပန်းပင်တွေ အလယ်မှာ လှပစွာစီးဆင်းနေတာကို တွေ့ရသတဲ့။ ကောင်ကင် ဟာတဖြည်းဖြည်းနီရောင်သန်းလာတဲ့အခါ ရေပန်းကရေကို ဘယ်သူချိုးသင့်သလဲလို့ သူတို့ ဆုံးဖြတ်ရမယ့်အချိန်ကို ရောက်လာပြီပေါ့။ သူတို့ မဆုံးဖြတ်နိုင်ခင်မှာပဲ နေမကောင်းတဲ့ အာရှာဟာ မြေကြီးပေါ်ကို လဲကျသွားလေသည်။ တောင်ကုန်းပေါ်ကို ရောက်အောင် ပင်ပင်ပန်းပန်းဖြတ်ကျော်လာရတာကြောင့် သူမဟာ သေလုမျောပါးဖြစ်နေတာပေါ့။ သူမရဲ့သူငယ်ချင်းတွေ က သူမကိုရေပန်းဆီရောက်အောင် သယ်သွားနိုင်ပေမယ့်လည်း သူမဟာ ဝေဒနာပြင်းထန်စွာ ခံစားနေရတာကြောင့် သူမကို မထိဖို့ တောင်းပန်လေ၏ ။ ဒါကြောင့် အသီဒါက အနားမှာ ရှိတဲ့ ဆေးမြစ်တွေကို မဝံ့မရဲခူးပြီး မြင်းစီးသူရဲ မောင်ကံဆိုးရဲ့ ဘူးသီးခြောက်ရေဗူးထဲမှာ ရောထည့်ပြီး အာရှာရဲ့ပါးစပ်ထဲဝင်အောင် လောင်းချလိုက်သတဲ့။ ချက်ချင်းပဲ အာရှာဟာ မတ်တတ်ရပ်လာနိုင်တဲ့ အပြင် သူမမှာ ရှိနေတဲ့ ရောဂါဝေဒနာတွေအားလုံးဟာ ပျောက်ကင်းသွားလေသည်။

“ ငါနေကောင်းသွားပြီ။ ငါ ရေပန်းမှာ ချိုးစရာ မလိုတော့ဘူး။ အသီဒါကို ချိုးခိုင်းလိုက်” လို့ပြောတယ်။

ဒါပေမယ့် အသီဒါက ဆေးမြစ်တွေကိုအားရပါးရခူးပြီး အိတ်ကပ်ထဲကို ထည့်ရင်း အလုပ်ရှုပ်နေတယ်။

“ငါဒီရောဂါကို ပျောက်အောင်ကုနိုင်တယ်ဆိုရင် ပိုက်ဆံတွေ အများကြီးရှာလို့ရမှာပဲ။ အမ်မတာပဲ ချိုးပါစေ” ဟု ပြောသည်။

မြင်းစီးသူရဲ မောင်ကံဆိုးဟာ အမ်မတာကို ဦးညွှတ်လိုက်ပြီး ရေပန်းကို သွားစေတယ်။ ဒါပေမယ့် အမ်မတာဟာ ခေါင်းခါလိုက်တယ်။ သူမရဲ့ချစ်သူကို လွမ်းဆွတ်မှုတွေဟာ စမ်းချောင်းရေထဲမှာ ပါသွားတာမိုလို့ သူမဟာ အခု သူမချစ်သူရဲ့ ရက်စက်မှု၊သစ္စာမရှိမှု တွေကို သိမြင်လာရပြီလေ။

“မြင်းစီးသူရဲကောင်းရေ… ရှင့်ရဲ့ကြင်နာစွာ ကူညီမှုတွေကြောင့် ရှင်ပဲ ချိုးသင့်ပါတယ် ”

အဲ့ဒါနဲ့ပဲ မြင်းစီးသူရဲကောင်းဟာ ဝင်စပြုနေတဲ့ နေမင်းရဲ့ နောက်ဆုံးအလင်းတန်းအောက်မှာ ကံကောင်းခြင်းရေပန်းက ရေကိုချိုးလေသည်။ သူ့ကိုယ်သူလဲ ရာချီနေတဲ့ လူတွေထဲကမှ ချိုးခွင့်ရသူဖြစ်စေတဲ့ သူ့ကံကိုသူ မယုံကြည်နိုင်စွာ အံ့သြနေလေသည်။နေမင်းဟာ မိုးကုပ်စက်ဝိုင်းမှာ ဝင်သွားတဲ့ အခါ မြင်းစီးသူရဲမောင်ကံဆိုးဟာ သူရဲ့အောင်မြင်မှုကို ဂုဏ်ယူစွာနဲ့ ရေပန်းအောက်ကထွက်လာကာ သံချပ်ကာဝတ်စုံကိုချွတ်ပြီး အမ်မတာရဲ့ရှေ့မှာ ချထားလိုက်လေသည်။ သူ့အတွက် အမ်မတာဟာ အကြင်နာဆုံးနဲ့ အလှပဆုံးမိန်းမတစ်ယောက် ဖြစ်နေကြောင်း နားလည်လိုက်ပြီး သူမကို လက်ထပ်ခွင့် ပေးဖို့ တောင်းဆိုလိုက်လေသည်။ အမ်မတာကလဲ သူမနဲ့ ထိုက်တန်သော အမျိုးကောင်းသားတစ်ယောက်ကို တွေ့ရှိလိုက်တာမို့ ပျော်ရွှင်စွာပဲ လက်ထပ်ခွင့် ပေးလိုက်၏ ။

ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲကောင်းတို့ဟာ တစ်ယာက်လက်ကို တစ်ယောက်ဆွဲကာ တောင်ကုန်းပေါ်ကနေ အတူတူ ပြန်ဆင်းလာကြပြီး ဘဝတစ်လျှောက် ပျော်ရွှင်စွာ နေထိုင်သွားကြလေသည်။ ကံကောင်းခြင်းရေပန်းက ရေဟာ ဘာမှော်ပညာနဲ့ မှ လုံးဝစီရင် မထားကြောင်းကိုတော့ သူတို့ထဲက တစ်ယောက်မှ သိလဲမသိ သံသယလဲ မရှိခဲ့ကြပေ။

Note: The Tale of Beedle the Bard စာအုပ်ထဲက The Fountain of Fair Fortune ဆိုတဲ့ ပုံပြင်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။

အပြည့်အစုံသို့...

Thursday, 23 April 2009

ငယ်ချစ်ဦး

သစ်ရွက်လှုပ်လျှင်
ရယ်ချင်လေသည့်
အရွယ်မှစ
ပြုံးရွှင်ချိုမြ
သူ့မျက်နှာထားကြောင့်
ရင်ခုန်ခဲ့ရဖူးပါသည် ။

ထိုမှတဖန်
ရွှင်ကြည်ရယ်သုံး
သူ့အပြုံးတို့
မတွေ့ရခါ
ဘဝင်မခိုက်
ရွှင်မလိုက်နှင့်
လွမ်းမောခဲ့ရဖူးပါသည် ။

ဖြူစင်နှလုံး သူ့အပြုံးနှင့်
ချိုအေးကြည်သာ သူ့မျက်နှာကို
တမ်းတရော်ရည်
မျှော်ထင်သည်တည့်
ဘယ်ခါပြန်တွေ့ရမည်နည်း ။ ။

အပြည့်အစုံသို့...

Wednesday, 28 May 2008

မျှော်လင့်ခြင်း


ငါ့အိပ်ယာထဲ
စာအုပ်တွေပြန့်ကြဲ
ဘယ်လိုလုပ်မလဲ
ငါမှအိပ်လို့မရတာပဲ။

ညကောင်းကင်ထဲ
ကြယ်ရောင်လင်းပြောင်ဆဲ
ဘယ်ဆီမှာလဲ
မျှော်လင့်ချက်ရောင်ခြည်ရဲ့။

မေမေ့ရင်ခွင်ထဲ
နွေးထွေးတဲ့မေတ္တာတွေဝေဆဲ
ငါမျှော်နေခဲ့
ဘယ်တော့များအိမ်ပြန်ရောက်မှာလဲ။

အပြည့်အစုံသို့...

Thursday, 9 August 2007

ညီအစ်ကိုသုံးယောက်ပုံပြင်


တစ်ခါတုန်းက စုန်းကဝေညီအစ်ကိုသုံးယောက်ဟာ ဆည်းဆာချိန်မှာ လေတဟူးဟူး
တိုက်ခတ်နေတဲ့
လမ်းတစ်လျှောက် ခရီးသွားနေကြတယ်တဲ့။ ဒီလိုနဲ့ အင်မတန်နက်ပြီး ဖြတ်ကူးဖို့ခက်တဲ့၊ ရေစီးသန်တဲ့ မြစ်တစ်စင်းဆီ ရောက်လာကြတယ်။ ဒါပေမယ့် ညီအစ်ကိုသုံးယောက်ဟာ မှော်ပညာကို သင်ယူ တတ်မြောက်ထားတဲ့သူတွေ ဖြစ်တဲ့အလျောက် သူတို့ရဲ့မှော်တောင်ဝှေးတွေကို ဝှေ့ရမ်းပြီး အန္တရာယ်ကြီးတဲ့ မြစ်ရေပြင် ကိုဖြတ်လျှက် တံတားတစ်ခုကို ဖန်ဆင်းလိုက်ကြတယ်။ သူတို့ဟာ တံတားကိုဖြတ်ကူးနေတုန်း တံတားရဲ့အလယ်မှာ ဝတ်ရုံခြုံထားသူတစ်ယောက် ကို မြင်ရသတဲ့။ အဲဒီဝတ်ရုံခြုံထားသူဟာ သေမင်းပဲဖြစ်တယ်။



သေမင်းက သူတို့ညီအစ်ကိုတွေကို စကားဆိုလိုက်တယ်တဲ့။ အဲဒီ့မြစ်ကိုဖြတ်ကူးသူခရီးသွားတိုင်းဟာ
မြစ်ထဲမှာနစ်ပြီးသေဆုံးတတ်တဲ့အစဉ်အလာရှိပေမယ့် သူ့ကိုလှည့်စားပြီး အသက်ရှင်လျှက်ဖြတ်သွားနိုင်တဲ့ သူတို့သုံးယောက်ကိုသေမင်းကဒေါသတွေထွက်နေတာပေါ့။ ဒါပေမဲ့ သေမင်းက ဟန်ဆောင်ပြီး သူတို့ရဲ့ မှော်ပညာကိုချီးကျူးစကားဆိုသတဲ့။ နောက်ပြီးတော့ သေခြင်းတစ်ရားကို လိမ္မာပါးနပ်စွာရှောင်ရှား နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါရစေဆိုပြီး တစ်ယောက်ချင်းဆီကို ဘာလိုချင်သလဲ မေးသတဲ့။

အဲဒီအခါ သူတို့သုံးယောက်ထဲမှာ ရန်လိုတတ်တဲ့သူဖြစ်တဲ့ အကြီးဆုံးအစ်ကိုက တည်ရှိပြီးသမျှ မှော်တောင်ဝှေး တွေထက် ပိုအစွမ်းထက်တ၊ဲ့ ဘယ်သူမှယှဉ်လို့မရနိုင်တဲ့၊ သေမင်းကို အောင်နိုင်ခဲ့သူနဲ့ ထိုက်တန်တဲ့ မှော်တောင်ဝှေးကို လိုချင်တယ်လို့ပြောလိုက်တယ်။ ဒါကြောင့် သေမင်းက မြစ်ကမ်းဘေးက Elder (အနက်ရောင်ဘယ်ရီပင် ၊ Elderberry ဟုလည်းခေါ်သည်) သစ်ပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းကိုယူပြီး မှော်တောင်ဝှေး လုပ်ပေးလိုက်သတဲ့။

မောက်မာတတ်တဲ့ဒုတိယအစ်ကိုကတော့ သေမင်းကို လှောင်ပြောင်အရှက်ခွဲချင်တာနဲ့
“ သေမင်းဆီကနေ အခြားသူတွေကို ပြန်ခေါ်နိုင်တဲ့အစွမ်းပေးပါ ”လို့ တောင်းလိုက်တယ်။
အဲ့ဒါနဲ့ သေမင်းက မြစ်ကမ်းဘေးက ကျောက်တုံးတစ်ခုကိုကောက်ယူပြီး “ ဒီကျောက်တုံးဟာ သေသွားတဲ့လူတွေကို ပြန်ခေါ်ပေးနိုင်တဲ့အစွမ်းရှိလိမ့်မယ် ” လို့ ပြောပြီး ဒုတိယအစ်ကိုကို ပေးလိုက်တယ်။

ပြီးတော့ သေမင်းဟာ တတိယညီအငယ်ဆုံးကို ဘာအလိုရှိသလဲ မေးသတဲ့။ ညီအငယ်ဆုံးဟာ ကိုယ့်ကိုကိုနှိမ့်ချ တတ်ပြီး သူတို့ထဲမှာ ဥာဏ်အရှိဆုံးသူဖြစ်လို့ သေမင်းကို မယုံကြည်ဘူးတဲ့။ ဒါကြောင့် သူက ဒီနေရာကနေစပြီး သေမင်းဘယ်တော့မှ လိုက်မလာနိုင်ဘဲနဲ့ ခရီးဆက်လို့ရစေမယ့် အရာတစ်ခုကို တောင်းလိုက်တယ်။ သေမင်းက
စိတ်အလိုမကျစွာနဲ့ သူ့ရဲ့ကိုယ်ပျောက်ဝတ်ရုံကို ပေးလိုက်သတဲ့။

ပြီးတော့ သေမင်းဟာ ညီအစ်ကိုသုံးယောက်ကို ခရီးဆက်သွားဖို့ လမ်းဖယ်ပေးလိုက်တယ်။ ဒီလိုနဲ့ပဲ ညီအစ်ကိုသုံးယောက်ဟာ
သူတို့တွေ့ကြုံခဲ့ရတဲ့ စွန်းစားခန်းကြောင်းကို အံ့သြဝမ်းသာစွာပြောဆိုရင်း၊ သေမင်းရဲ့
လက်ဆောင်တွေအတွက် အားရကျေနပ်စွာနဲ့ ခရီးဆက်ခဲ့ကြသတဲ့။

တစ်ချိန်ကျလာတဲ့အခါ ညီအစ်ကိုသုံးယောက်ဟာ ကိုယ်သွားလိုတဲ့နေရာကိုသွားဖို့ လမ်းခွဲလိုက်ကြတယ်။ ပထမဆုံးအစ်ကိုဟာ သူနဲ့စကားများခဲ့ဖူးတဲ့ မှော်ဆရာတစ်ယောက်ကို ရှာဖွေရင်း သီတင်းပတ်များစွာ တိုင်အောင် ခရီးသွားခဲ့ပြီး ရွာတစ်ရွာကိုရောက်သွားတယ်။ သူရဲ့ သေမင်းလက်ဆောင် မှော်တောင်ဝှေးကို အသုံးပြုပြီး သူ့ရန်သူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့အခါ သူပဲနောက်ဆုံးအနိုင်ရခဲ့တာပါပဲ။ သူ့ရန်သူရဲ့ သေဆုံး နေတဲ့ ခန္ဓာကိုယ်ကို ချန်ရစ်ထားခဲ့ပြီး သူဟာတည်းခိုခန်းတစ်ခုကိုသွားခဲ့တယ်။အဲ့ဒီမှာသူဟာ
သေမင်းဆီကနေ
အစွမ်းထက်တဲ့ မှော်တောင်ဝှေးကို ဘယ်လိုရယူခဲ့တဲ့အကြောင်း၊ အဲ့ဒီမှော်တောင်ဝှေးရဲ့အစွမ်းကြောင့် သူ့ကို
ဘယ်သူမှ ယှဉ်ပြိုင်အနိုင်ယူလို့ မရကြောင်းတွေကို ကြွားဝါပြောဆိုမိတယ်တဲ့။ အဲ့ဒီညမှာ အခြားမှော်ဆရာ
တစ်ယောကဟာ သူအရက်မူးပြီးအိပ်ပျော်နေတဲ့ အခန်းထဲကို ခိုးဝင်လာတယ်။ သူဟာ အဲ့ဒီမှော်တောင်ဝှေးကို ခိုးယူပြီး ပထမအစ်ကိုကို သတ်လိုက်သတဲ့။ အဲ့ဒီလိုနဲ့ သေမင်းက ပထမအစ်ကိုကို ခေါ်ဆောင်သွားသတဲ့။

အဲ့ဒီအချိန်မှာ ဒုတိယအစ်ကိုဟာ သူတစ်ယောက်ထဲနေတဲ့ သူ့ရဲ့အိမ်ကိုပြန်ရောက်သွားတယ်။ သူဟာ

သေဆုံးသူတွေကို ပြန်ခေါ်နိုင်တဲ့ ကျောက်တုံးကိုထုတ်ကြည့်ပြီး သုံးကြိမ်သုံးခါ သူ့ရဲ့လက်ထဲမှာ
လှည့်ကြည့်သတဲ့။ အဲ့ဒီအခါ သူတစ်ချိန်က သိပ်ချစ်ခဲ့တဲ့ လက်ထပ်ဖို့ရည်ရွယ်ခဲ့ပြီးမှ သေးဆုံးသွာခဲ့တဲ့ သူ့ရဲ့ချစ်သူမိန်းကလေးကို အံ့သြဝမ်းသာစွာ တွေ့လိုက်ရတယ်။ ဒါပေမယ့် သူမဟာ သူနဲ့ဝတ်ရုံလွှာလေး
တစ်ခုခြားထားသလိုဖြစ်နေပြီး ဝမ်းနည်းနေတဲ့ အသွင်သဏ္ဌာန်ရှိနေတယ်တဲ့။ သူမဟာ အချိန်အကြာကြီး သူနဲ့ရှိနေပေးလို့မရတာကြောင့် ပျောက်ကွယ်သွားတယ်။ နောက်ဆုံးမှာတော့ ဒုတိယအစ်ကိုဟာ မျှော်လင့်
လို့မရတဲ့ စွဲလမ်းမှုတွေနဲ့ သူမကိုသေမင်းဆီမှာ ပြန်တွေ့ဖို့အတွက် ကိုယ့်ကိုယ်ကို သတ်သေလိုက်သတဲ့။ အဲ့ဒီလိုနဲ့ သေမင်းဟာ ဒုတိယအစ်ကိုကို ခေါ်ဆောင်သွားသတဲ့။

ဒါပေမယ့် သေမင်းဟာ နှစ်ပေါင်းများစွာတိုင်အောင် ညီအငယ်ဆုံးကို လိုက်ရှာခဲ့ပေမယ့် ရှာလို့မတွေ့ခဲ့ပါဘူး။ ညီအငယ်ဆုံးက အသက်တော်တော်အိုမင်းလာပြီး နောက်ဆုံး သူ့ရဲ့ကိုယ်ပျောက်ဝတ်ရုံကို သူ့သားကို
ချွတ်ပေး
လိုက့်တဲ့အခါမှသာ ရှာတွေ့တော့သတဲ့။ အဲ့ဒီအခါ ညီအငယ်ဆုံးဟာ သေမင်းကို သူငယ်ချင်းဟောင်း
တစ်ယောက်ကို ပြန်တွေ့ရသလို နှုတ်ဆက်ပြီး၊ သေမင်းနောက်ကို ဝမ်းမြောက်စွာ လိုက်သွားကာ သူ့ရဲ့အသက်
ရှင်နေတဲ့ ဘဝကိုခွဲခွာသွားခဲ့သတဲ့…..။

မူရင်း…..စာရေးဆရာမ J.K.Rowling ရဲ့ Harry Potter and the Deathly Hallows စာအုပ်ထဲမှ The tale of the three brothers ဆိုတဲ့စုန်းကဝေပုံပြင်လေးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီပုံပြင်လေးဟာ Deathly Hallows စာအုပ်ရဲ့ အနှစ်သာရလို့ ပြောလို့ရပါတယ်။ ဖတ်လို့မကောင်းရင် ကျွန်မရဲ့ဘာသာပြန် ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း တောင်းပန်အပ်ပါတယ်။


အပြည့်အစုံသို့...

Thursday, 5 July 2007

အာဖရိကပုံပြင်


အာဖရိကတွင်

နံနက်မိုးလင်းတိုင်း ဒရယ်တစ်ကောင် အိပ်ယာနိုးလာသည်နှင့် အမြန်ဆုံးပြေးနိုင်သော ခြင်္သေ့ထက် ပိုမြန်အောင် ပြေးရမည်။ မပြေးနိုင်က အသတ်ခံရလိမ့်မည်ဖြစ်ကြောင်း ကောင်းစွာသိရှိကြသည်။

နံနက်မိုးလင်းတိုင်း ခြင်္သေ့တစ်ကောင် အိပ်ယာနိုးလာသည်နှင့် အနှေးဆုံးပြေးနိုင်သောဒရယ်ထက် သာလွန်အောင် ပြေးရမည်။ မပြေးနိုင်က အစာငတ် သေရလိမ့်မည်ဖြစ်ကြောင်း ကောင်းစွာသိရှိကြသည်။

သင်ဟာ ခြင်္သေ့ပဲဖြစ်ဖြစ် ဒရယ်ပဲဖြစ်ဖြစ် နေမင်းထွက်လာသည်နှင့် အသက်ရှင်နိုင်ရန် အစွမ်းကုန် ပြေးရမည် ဖြစ်သည်။


ဒီပုံပြင်လေးက ကျွန်မဆယ်တန်းတုန်းက ကျွန်မတို့လေးစားချစ်ခင်ရတဲ့ ဆရာမကြီးက အမြဲပြောပြဆုံးမတဲ့ ပုံပြင်လေးပါ။ ဆရာမကြီးက အခုလိုပုံပြင်လေးတွေ၊ တကယ့်ဖြစ်ရပ်တွေပြောပြပြီး ကျွန်မတို့ကိုစိတ်ဓာတ်ခွန်အားတွေပေးခဲ့ပါတယ်။ ကျွန်မတို့ရဲ့ကျေးဇူးရှင် ဆရာမကြီးဒေါ်နှင်းနှင်းမော်ကို ဒီပိုစ့်လေးနဲ့ ဂါရဝပြုလိုက်ပါတယ်။

အပြည့်အစုံသို့...

Sunday, 1 July 2007

အချစ်အကြောင်း

“ အချစ် အချစ် တခစ်ခစ်နှင့် တစ်လစ်လျှာကြီး ထွက်လေသည် ”

တာရာမင်းဝေရဲ့ “ ဝတ်မှုန်တစ်စက်၏အတ္ထုပတ္တိ ” စာအုပ်ထဲက စာကြောင်းတစ်ကြောင်းပါ။ ပြန်တွေးမိတိုင်း ရယ်ရလို့ပါ။ အချစ်ဆိုတာကို သူများတွေက “ ပေးဆပ်ခြင်း ”၊ “ ရယူခြင်း ” ဆိုပြီး ကြီးကြီးကျယ်ကျယ် အဓိပ္ပာယ်တွေ ဖွင့်ဆိုနေကြချိန်မှာ အခုလို အချစ်အကြောင်းကို ပေါ့ပေါ့ပါးပါး ရေးထားတဲ့စာကြောင်းလေး တစ်ကြောင်းကိုဖတ်လိုက်ရတာ တော်တော်ရယ်ရပါတယ်။
အားလုံး ရယ်မောပျော်ရွှင်စေလိုသော ရည်ရွယ်ချက်ဖြင့်…….
Mo

အပြည့်အစုံသို့...

Saturday, 30 June 2007

စုဗူး

ကျွန်မ ငယ်ငယ်က မေ့မေ့ကိုစုဗူးဝယ်ပေးဖို့ ပူဆာခဲ့ဖူးသည်။ မေမေက “ ငါ့သမီးက ပိုက်ဆံစုမယ်ပေါ့ ။
တယ်လိမ်မာပါလား ” ဟုဆိုကာ စုဗူးလေးတစ်ခု ဝယ်ပေးခဲ့သည်။ “ သမီး ဒီစုဗူးလေးပြည့်သွားရင် ဘာလုပ်မလဲ ” ဟု မေမေ မေးလာသောအခါ ကလေးအတွေးဖြင့်ပင် “ မုန့်တွေဝယ်စားမှာပေါ့ မေမေရဲ့ ” ဟု ဖြေခဲ့ပါသည်။ ဒီလိုဖြင့်ပင် ငယ်စဉ်ကတည်းက ကျွန်မ၏မုန့်ဖိုးလေးများကို ဘာရယ်မဟုတ် စုထားသော အကျင့်လုပ်ခဲ့ပါသည်။ နည်းနည်းကြီးလာတော့ ပိုက်ဆံစုတယ်ဆိုတာ ရည်ရွယ်ချက်တစ်ခုထားပြီး စုဆောင်းရမှန်းသိတတ်လာသည်။ ၈တန်းနှစ်တုန်းက “ ကထိန်သင်္ကန်းကပ်ရန် ” ဆိုပြီး ကျွန်မ၏မုန့်ဖိုးအချို့ကို သပ်သပ်ဖယ်ထားပြီးစုခဲ့ဖူးပါသည်။ ရည်မှန်းထားသည့်အတိုင်းလဲ ကထိန်သင်္ကန်း ကပ်ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်မ၏စုဗူးလေးများတွင် ရည်ရွယ်ထားသော ခေါင်းစဉ်လေးများရှိခဲ့သည်။ ယခုလက်ရှိတွင်လည်း ကျွန်မကိုယ်တိုင်ဝယ်ထားသော
စုဗူးလေးတစ်ခုရှိပါသည်။ ထိုစုဗူးလေး၏ ခေါင်းစဉ်မှာ “အိမ်မက်တစ်ခုကို အကောင်အထည်ဖော်ရန်” ဖြစ်သည်။ =) ကျွန်မထိုစုဗူးလေးကို ဘယ်လိုအခြေအနေမျိုးတွင်မှ ဖွင့်ဖောက်မည်မဟုတ်ပါ။
ကျွန်မ၏ အိမ်မက်ကို အကောင်အထည်ဖော်ရန် အခွင့်အရေးရသောနေ့မှသာ ထိုစုဗူးလေးကိုဖောက်ပါမည်။ ကျွန်မထင်ပါသည်။ ထိုနေ့ထိုရက်တွင် စုဗူးလေးသည်အပြည့်ဖြစ်နေပြီး
ကျွန်မ၏အိမ်မက်ကို
အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေလိမ့်မည်ဟု……………

အပြည့်အစုံသို့...

Tuesday, 26 June 2007

အဖြူရောင်တန်ဖိုးတစ်ခု

ကလေးငယ်တွေဟာ ချစ်ဖို့ကောင်းပါတယ်။ သူတို့လေးတွေဟာ အရမ်းကိုဖြူစင်ကြပါတယ်။ သူတို့ရဲ့မျက်ဝန်လေးတွေဟာ တောက်ပကြည်လင်စွာ အသက်ဝင်နေကြတယ်။ သူတို့လေးတွရဲ့ မျက်ဝန်းတွေထဲမှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့အရိပ်အရောင်တွေ မရှိပါဘူး။ မုန်းတီးခြင်း၊ နာကြည်းခြင်း၊ မနာလိုဝန်တိုခြင်း ဆိုတာတွေလဲ မရှိပါဘူး။ ပူပန်သောကဆိုတာ ဘာမှန်းမသိတဲ့ ကလေးလေးတွေဟာ ချစ်ဖို့ကောင်းကြတာ မဆန်းဘူးလို့ ထင်ပါတယ်။ ကျွန်မတို့လည်း ငယ်စဉ်ကလေးဘ၀တုန်းက ဖြူစင်ခဲ့ကြပါတယ်။ အရွယ်ရောက်လာလို့ လောကကြီးထဲကိုဝင်ရောက်လာကြတဲ့အခါမှာတော့ ငယ်ငယ်တုန်းကလို မဖြူစင်နိုင်တော့ပါဘူး။ တခါတလေကျတော့လည်း ငယ်ဘ၀လေးကို ပြန်သတိရပြီး ငယ်ငယ်တုန်းကလောက် မဖြူစင်တော့တဲ့ ကိုယ့်ကိုကို ရွံ့မုန်းမိပါတယ်။ လူတိုင်းကိုမဖြူစင်တော့လို့ ရွံ့မုန်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးဆိုတာ ရှိတတ်ကြတာပါပဲ။ ကျွန်မ တွေးမိတာက ကျွန်မအပါအ၀င် လူတိုင်းလူတိုင်းသာ စိတ်ထားဖြူစင်ကြရင်(စိတ်ထားဖြူစင်မှုကို တန်ဖိုးတစ်ခုအနေနဲ့ ပိုင်ဆိုင်ထားကြရင်)
လူတိုင်းလူတိုင်းဟာ ချစ်ဖို့ကောင်းနေပြီးတော့ ဒီလောကကြီးဟာဘယ်လောက်နေပျော်ဖို့ ကောင်းလိုက်မလဲ
နော်လို့.................

အပြည့်အစုံသို့...