Monday, 21 September 2009

ကံကောင်းခြင်း ရေပန်း

ကံကောင်းခြင်း ရေပန်းဟာ မှော်ပညာနဲ့ စောင့်ရှောက်စီရင်ထားသော တံတိုင်းတွေကာရံထားတဲ့ မှော်ပန်းခြံထဲက တောင်ကုန်းလေး တစ်ခုပေါ် မှာ တည်ရှိ၏ ။ တစ်နှစ်မှာတစ်ခါ အဲ့ဒီနှစ်ရဲ့ နေထွက်ချိန်နဲ့ နေဝင်ချိန်အတွင်း အကြာဆုံးရက်မှာ ကံမကောင်းတဲ့သူ တစ်ယောက်ကို အဲ့ဒီမှော်ပန်းခြံထဲကို ဝင်ခွင့်ပေးပြီး စောင့်ရှောက်စီမံထားတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ကာ ကံကောင်းခြင်း
ရေပန်းမှာရေချိုးခွင့်ပေးပြီး ကံကောင်းခြင်းတွေကို ရရှိစေလေသည်။

နိုင်ငံပေါင်းများစွာက ရာချီတဲ့လူတွေဟာ အဲ့ဒီ သက်မှတ်ထားတဲ့ နေ့တာအရှည်ဆုံးနေ့ ရဲ့ အာရုဏ်တက်ချိန်မရောက်ခင် မှော်ပန်းခြံရဲ့ တံတိုင်းနားမှာလာရောက် စောင့်ဆိုင်းကြတယ်။ ယောကျာ်း မိန်းမ၊ သူချမ်းသာ သူဆင်းရဲ၊ လူကြီးလူငယ်၊မှော်ပညာနဲ့ရောက်လာသူ၊ မှော်ပညာမရှိဘဲ ရောက်လာသူ ပေါင်းစုံတို့ဟာ အမှောင်ထဲမှာ စုစည်းမိကြပြီး ပန်းခြံထဲ ဝင်ခွင့်ရဖို့ ကိုယ်စီကိုယ်စီ
မျှော်လင့်ကြလေ၏ ။

လူအုပ်နဲ့ အလှမ်းဝေးတဲ့ တနေရာမှာတော့ ခက်အခဲကိုယ်စီရှိကြတဲ့ ကဝေမသုံးယောက်ဟာ တစ်ယောက်ရဲ့ဝမ်းနည်းမှုကို တစ်ယောက် ပြောပြရင်း နေထွက်ချိန်ကို စောင်းဆိုင်းနေကြလေသည်။ အာရှာ လို့ခေါ်တဲ့ ပထမကဝေမ ကတော့ ဘယ်ဆေးဆရာမှကုလို့မရတဲ့ ရောဂါဝေဒနာ တစ်ခုကို ခံစားနေရသူဖြစ်တယ်။ သူမဟာ ရေပန်းကရေကိုချိုးလိုက်ရင် သူမရဲ့ ဝေဒနာတွေ အကုန်ပျောက်သွားပြီး အသက်ရှည်ပျော်ရွှင်စွာ နေထိုင်သွားနိုင်ဖို့ကို မျှော်လင့်တယ်။ အသီဒါ လို့ခေါ်တဲ့ ဒုတိယကဝေမ ကတော့ ဆိုးသွမ်းတဲ့ မိစ္ဆာကဝေကြီး တစ်ယောက်က သူမအိမ်ကိုဓားပြဝင်တိုက်ပြီး သူမရဲ့ရွှေတွေအပြင် မှောင်တောင်ဝှေးကို ပါလုယူသွားတာ ခံခဲ့ရတယ်။ သူမဟာ ရေပန်းမှာရေချိုးပြီးရင် ဆင်းရဲမှုကနေ လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ အမ်မတာ လို့ခေါ်တဲ့ တတိယ ကဝေမကတော့ သူမသိပ်ချစ်ရတဲ့သူ ပြစ်သွားတာကိုခံခဲ့ရတာကြောင့် သူမရဲ့နှလုံးသားက ဒဏ်ရာဟာ ဘယ်လိုမှ ပြန်ကောင်းမလာနိုင်ဘူးလို့ ထင်မှတ်ထားတယ်။ ဒါကြောင့် ရေပန်းက သူမရဲ့ ဝမ်းနည်းမှုတွေနဲ့ တမ်းတမှုတွေ ပပျောက်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေတယ်။သူတို့ သုံးယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သနားပြီး တကယ်လို့ သူတို့သာ ပန်းခြံထဲဝင်ဖို့ အခွင့်အရေး ရရှိခဲ့မယ်ဆိုရင် စည်းစည်းလုံးလုံးနဲ့ ရေပန်းဆီရောက်အောင်အတူတူကြိုးစားကြဖို့သဘောတူ
လိုက်ကြတယ်။

ကောင်းကင်မှာ ပထမဆုံး နေရောင်ခြည်တန်း ဖျာထွက်လာတာနဲ့ ပန်းခြံတံတိုင်းကနေ အက်ကြောင်းသေသေးလေးပေါ်လာတယ်။ လူအုပ်ကြီးကလဲ ကိုယ်စီကိုယ်စီ ရေပန်းမှာချိုးခွင့်ရဖို့ အော်ဟစ်ရင်း ရှေ့တိုးလာကြတာပေါ့ ။ ပန်းခြံထဲက တွားသွားပင်တွေဟာ လူအုပ်ကြားထဲက တိုးဝှေ့ထွက်လာပြီး အာရှာ့ကို ရစ်ပတ်လိုက်လေသည်။ အာရှာကလဲ အသီဒါရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်
လိုက်ပြီး အမ်မတာကတော့ အသီဒါရဲ့ ဝတ်ရုံကို မြဲမြဲဆွဲကိုင်လိုက်၏ ။ အဲ့ဒီအချိန်မှာပဲ အမ်မတာဟာ ပိန်ချုံးနေတဲ့မြင်းပေါ်က သံချပ်ကာဝတ်ထားတဲ့ သူရဲကောင်း တစ်ယောက်နဲ့ ချိပ်မိသွားသည်။ တွားသွားပင်တွေဟာ သူတို့သုံးယောက်ကို အက်ကြောင်း
လေးထဲ ဆွဲခေါ်သွားရင်း အဲ့ဒီသူရဲကောင်းဟာလဲ မြင်းပေါ်ကပြုတ်ကျပြီး သူတို့နဲ့ အတူပါလာလေသည်။

မနက်ခင်းရဲ့လေပြည်ထဲမှာ မကျေမနပ်အော်ဟစ်နေသံတွေ ဆူညံသွားပြီး ပန်းခြံတံတိုင်းပိတ်သွားတာနဲ့ ပြည်လည် တိတ်ဆိတ်
သွားလေ၏။ အာရှာနဲ့ အသီဒါတို့ဟာ မြင်းစီးသူရဲကောင်းကို မတော်တဆခေါ်လာမိတဲ့ အမ်မတာကို စိတ်ဆိုးနေကြတာပေါ့။

“ လူတစ်ယောက်ပဲ ရေပန်းမှာ ရေချိုးလို့ရမယ်။ ငါတို့သုံးယောက်ထဲက ဘယ်သူချိုးရမလဲဆိုတာတောင် ဆုံးဖြတ်ဖို့ ခက်လှပြီ။ ဘာလို့နောက်တစ်ယောက် ခေါ်လာရတာလဲ”

အဲ့ဒီအချိန်မှာ မြင်းစီးသူရဲကောင်း(သူ့နာမည်က မောင်ကံဆိုး လို့လူတွေကခေါ်ကြတယ်) ဟာ သူတို့သုံးယောက် ကဝေမတွေ ဆိုတာကို သိသွားပြီး မှောပညာလဲမရှိ၊ ဓားခြင်းယှဉ်နိုင်တဲ့ စွမ်းရည်လဲမရှိ၊ သူဟာ တခြားသာမန်လူတွေနဲ့ ဘာမှ မခြားနားတာကြောင့် ဒီကဝေမသုံးယောက်ကို အနိုင်ယူပြီး ရေပန်းဆီရောက်ဖို့ဆိုတာ မဖြစ်နိုင်မှန်းသိသွားတယ်။ အဲ့ဒါကြောင့် မောင်ကံဆိုး
ဟာ ပန်းခြံနံရံကိုဖောက်ပြီး အပြင်ပြန်ထွက်ဖို့ ကြိုးစားလေတော့သည်။ အဲ့ဒီမှာ အမ်မတာက စိတ်ဆိုးသွားကာ

“မြင်းစီးသူရဲကောင်းလုပ်နေပြီး သူရဲဘောကြောင်လိုက်တာ။ နင့်ရဲ့ဓားကို ထုတ်လိုက်စမ်း။ ငါတို့ကို ရေပန်းဆီရောက်အောင်သာ ကူညီပေတော့”


ဒီလိုနဲ့ ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲကောင်းတို့ဟာ မှော်ပန်းခြံထဲကို ရှေ့ဆက်ဝင်သွားကြတာပေါ့။ အဲ့ဒီ့ မှော်ပန်းခြံထဲမှာ ရှားပါးတဲ့ဆေးပင်တွေ၊ သစ်သီးတွေ ပန်းမာန်တွေဟာ နေရောင်ခြည်ဝင်းဖြာနေတဲ့ လမ်းဘေးတလျှောက်မှာ အများကြီးရှိလေသည်။ သူတို့ဟာ ရေပန်းရှိတဲ့ တောင်ကုန်းလေး ခြေရင်းရောက်တဲ့အထိ ဘာအန္တရာယ်မှ မရှိဘဲရောက်လာကြတယ်။ ဒါပေမယ့် အဲ့ဒီမှာပဲ တောင်ကုန်းကိုပတ်နေတဲ့ ဧရာမအဖြူရောင် တီကောင်အကြီးကြီးကို တွေ့ရလေသည်။ သူတို့ရောက်လာတဲ့အခါ အဲ့ဒီတီကောင်ကြီးက သူတို့ဘက်ကိုလှည့်ပြီး

“ နာကျင်မှုရဲ့ သက်သေပစ္စည်းကို ပေးပါ ” ဟုပြော၏ ။

မောင်ကံဆိုးက သူ့ရဲ့ဓားကိုထုတ်ပြီး အကောင်ကြီးကို တိုက်ခိုက်ဖို့ ကြိုးစားပေမယ့်လည်း ဓားပဲပြတ်တောက်သွားသတဲ့။ ဒါနဲ့ အသီဒါက တီကောင်ကြီးကို ခဲတွေနဲ့ပြစ်ပေါက်ပါလေရော။ အာရှာနဲ့ အမ်မတာ တို့ကတော့ မှော်ဂါထာမန္တာန်တွေ သုံးပြီးတော့ ကြိုးစားပေမယ့်လည်း သူတို့ မှော်တောင်ဝှေးတွေရဲ့ အစွမ်းဟာ သူတို့သူငယ်ချင်းရဲ့ကျောက်ခဲတွေ နဲ့ မြင်းစီးသူရဲကောင်းရဲ့ဓား လိုပဲ အသုံး မဝင်ဘဲဖြစ်နေတယ်။ နေမြင့်လာတာနဲ့ အမျှ အာရှာဟာ ပင်ပန်းလာပြီး မျက်ရည်တွေကျလာတယ်။ အဲ့ဒီမှာပဲ တီကောင်ကြီးဟာ အာရှာရဲ့ မျက်ရည်တွေကို သောက်သုံးပြီး မြေပြင်ပေါ်က တွင်းကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
တီကောင်ကြီးပျောက်ကွယ်သွားလို့ သူတို့တွေဟာ ပျော်ရွှင်စွာနဲ့ တောင်ကုန်းကို စတက်ကြပြီး နေမွန်းမတည့်ခင် ရေပန်းဆီရောက်ရမယ်လို့ အသေအချာ တွက်ထားလိုက်ကြတယ်။ တောင်ကုန်းရဲ့ တစ်ဝက်လောက် အရောက်မှာပဲ မြေပြင်ပေါ်မှာ ရေးထားတဲ့ စာသားအချို့ကို သူတို့တွေ့လိုက်ရတာက…

“ လုပ်အားရဲ့ အသီးအပွင့်ကို ပေးပါ ”

မြင်းစီးသူရဲ မောင်ကံဆိုးဟာ သူ့ရဲ့ ငွေစအချို့ကို ထုတ်ပြီး မြက်ခင်းပြင်ပေါ်ဖြန့်ကျဲလိုက်တယ်။ ဒါပေမယ့် ငွေစလေးတွေဟာ တောင်ကုန်းဘေးကို လိမ့်ဆင်းပြီး ပျောက်ကွယ်သွားသည်။ ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲ တို့ဟာ ဆက်ပြီး တက်ကြပေမယ့် ရှေ့ဆက်မရောက်ဘဲ အဲ့ဒီစာရေးထားတဲ့ မြေကြီးရှေ့မှာပဲ ရှိနေကြသတဲ့။ နေမင်းဟာ သူတို့ခေါင်းပေါ်ကနေ ကျော်ပြီး နောက်ဘက် မိုးကုပ်စက်ဝိုင်းကို ဦးတည်သွားတဲ့ အခါ သူတို့ဟာ စိတ်ဓာတ်တွေ ကျနေကြပြီပေါ့။ ဒါပေမယ့် အသီဒါက ကျန်တဲ့လူတွေထက်ပိုကြိုစားပြီး ပြင်းပြင်းထန်ထန်လျှောက်လေသည်။ သူမဟာပင်ပန်းနေပြီး ရှေ့ကိုတစ်လှမ်းမတိုးပေမယ့်လည်း ကျန်တဲ့လူတွေကိုလဲ သူ့ကိုအတုယူဖို့ပြောခါ လျှောက်မြဲလျှောက်နေ၏ ။

“ အားတင်းထား သူငယ်ချင်းတို့။ စိတ်မလျှော့ကြနဲ့ ” လို့ပြောရင်း သူမရဲ့ နဖူးက ချွေးတွေကို သုတ်လိုက်တယ်။

ချွေးစက်တွေဟာ မြေပြင်ပေါ်ကိုကျသွားတာနဲ့ မြေပြင်ပေါ်က စာတမ်းဟာ ပျောက်သွားပြီး သူတို့ ရှေ့ဆက်ပြီး တက်လို့ရသွားလေ၏ ။ ဒုတိယအခက်အခဲကို ကျော်လွှားသွားနိုင်တာကြောင့် သူတို့ဟာ ပျော်ရွှင်စွာနဲ့ ရှေ့ဆက်မြန်မြန်တက်သွားလိုက်ကြတာ ပန်းပင်တွေနဲ့ သစ်ပင်တွေကြားမှာ တလက်လက်စီးဆင်းနေတဲ့ ရေပန်းကို မြင်ရတဲ့နေရာထိ ရောက်သွားကြတယ်။

ဒါပေမယ့် သူတို့ရေပန်းဆီကို မရောက်ခင်မှာပဲ တောင်ထိပ်ကို ပတ်စီးဆင်းနေတဲ့ စမ်းချောင်းလေးတစ်ခုကိုတွေ့လိုက်ရတယ်။ စမ်းချောင်းရဲ့ကြည်လင်နေတဲ့ ရေထဲက ကျောက်တုံးတစ်ခုပေါ်မှာ ရေးထားတဲ့စာတွေက…

“ အတိတ်ရဲ့ ရတနာတွေကို ပေးခဲ့ပါ ”

မြင်းစီးသူရဲ မောင်ကံဆိုးဟာ စမ်းချောင်းကို သူ့ရဲ့ဒိုင်းပေါ်မှာ စီးပြီး ဖြတ်သန်းဖို့ကြိုးစားပေမယ့်လည်း သူ့ရဲ့ ဒိုင်းဟာ ရေထဲမှာ မြုတ်သွားလေတယ်။ ကဝေမသုံးယောက်က သူ့ကို ရေထဲက ဆွဲတင်ပြီး စမ်းချောင်းကို ခုန်ဖြတ်ဖို့ကြိုးစားကြတယ်။ ဒါပေမယ့်လဲ သူတို့ဟာ ဖြတ်ကျော်လို့မရဘဲ ဖြစ်နေလေသည်။ နေမင်းသည်လဲ ကောင်းကင်မှာ တဖြည်းဖြည်းနိမ့်ဆင်းလာနေပြီ ဖြစ်သည်။
ဒါကြောင့်မိုလို့ သူတို့ဟာ ကျောက်တုံးပေါ်ကရေးထားတဲ့ စာရဲ့အဓိပ္ပာယ်ကို နားလည်အောင်စဉ်းစားကြ ရာ.. အမ်မတာ က အရင်ဆုံးသဘောပေါက်သွားလေသည်။ အမ်မတာဟာ သူမရဲ့ မှော်တောင်ဝှေးကိုသုံးကာ သူမရဲ့ ချစ်သူနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ တဲ့ အမှတ်တရတွေကို သူမစိတ်ထဲကနေထုတ်ယူပြီး စမ်းချောင်ရေထဲကို ပစ်ချလိုက်သတဲ့။ စမ်းချောင်းလေးဟာ အဲ့ဒီ ပျော်ရွှင်မှုတွေကိုသယ်ဆောင်သွားပြီးတဲ့ အခါ စမ်းချောင်းထဲမှာ ကျေက်တုံးလေးတွေတန်းစီပေါ်လာပြီး သူတို့တွေ အဲ့ဒီကျောက်တုံးလေးတွေပေါ်ကနေဖြတ်ကူးလို့ ရသွားကြတယ်။ နောက်ဆုံးမှာတော့ ကဝေမ သုံးယောက်နဲ့ မြင်းစီးသူရဲတို့ဟာ တောင်ကုန်းထိပ်ကိုရောက်ရှိသွားကြလေသည်။


ရေပန်းဟာ ရှားပါးတဲ့ ဆေးမြစ်တွေနဲ့ သူတို့တခါမှ မမြင်ဘူးတဲ့ ပန်းပင်တွေ အလယ်မှာ လှပစွာစီးဆင်းနေတာကို တွေ့ရသတဲ့။ ကောင်ကင် ဟာတဖြည်းဖြည်းနီရောင်သန်းလာတဲ့အခါ ရေပန်းကရေကို ဘယ်သူချိုးသင့်သလဲလို့ သူတို့ ဆုံးဖြတ်ရမယ့်အချိန်ကို ရောက်လာပြီပေါ့။ သူတို့ မဆုံးဖြတ်နိုင်ခင်မှာပဲ နေမကောင်းတဲ့ အာရှာဟာ မြေကြီးပေါ်ကို လဲကျသွားလေသည်။ တောင်ကုန်းပေါ်ကို ရောက်အောင် ပင်ပင်ပန်းပန်းဖြတ်ကျော်လာရတာကြောင့် သူမဟာ သေလုမျောပါးဖြစ်နေတာပေါ့။ သူမရဲ့သူငယ်ချင်းတွေ က သူမကိုရေပန်းဆီရောက်အောင် သယ်သွားနိုင်ပေမယ့်လည်း သူမဟာ ဝေဒနာပြင်းထန်စွာ ခံစားနေရတာကြောင့် သူမကို မထိဖို့ တောင်းပန်လေ၏ ။ ဒါကြောင့် အသီဒါက အနားမှာ ရှိတဲ့ ဆေးမြစ်တွေကို မဝံ့မရဲခူးပြီး မြင်းစီးသူရဲ မောင်ကံဆိုးရဲ့ ဘူးသီးခြောက်ရေဗူးထဲမှာ ရောထည့်ပြီး အာရှာရဲ့ပါးစပ်ထဲဝင်အောင် လောင်းချလိုက်သတဲ့။ ချက်ချင်းပဲ အာရှာဟာ မတ်တတ်ရပ်လာနိုင်တဲ့ အပြင် သူမမှာ ရှိနေတဲ့ ရောဂါဝေဒနာတွေအားလုံးဟာ ပျောက်ကင်းသွားလေသည်။

“ ငါနေကောင်းသွားပြီ။ ငါ ရေပန်းမှာ ချိုးစရာ မလိုတော့ဘူး။ အသီဒါကို ချိုးခိုင်းလိုက်” လို့ပြောတယ်။

ဒါပေမယ့် အသီဒါက ဆေးမြစ်တွေကိုအားရပါးရခူးပြီး အိတ်ကပ်ထဲကို ထည့်ရင်း အလုပ်ရှုပ်နေတယ်။

“ငါဒီရောဂါကို ပျောက်အောင်ကုနိုင်တယ်ဆိုရင် ပိုက်ဆံတွေ အများကြီးရှာလို့ရမှာပဲ။ အမ်မတာပဲ ချိုးပါစေ” ဟု ပြောသည်။

မြင်းစီးသူရဲ မောင်ကံဆိုးဟာ အမ်မတာကို ဦးညွှတ်လိုက်ပြီး ရေပန်းကို သွားစေတယ်။ ဒါပေမယ့် အမ်မတာဟာ ခေါင်းခါလိုက်တယ်။ သူမရဲ့ချစ်သူကို လွမ်းဆွတ်မှုတွေဟာ စမ်းချောင်းရေထဲမှာ ပါသွားတာမိုလို့ သူမဟာ အခု သူမချစ်သူရဲ့ ရက်စက်မှု၊သစ္စာမရှိမှု တွေကို သိမြင်လာရပြီလေ။

“မြင်းစီးသူရဲကောင်းရေ… ရှင့်ရဲ့ကြင်နာစွာ ကူညီမှုတွေကြောင့် ရှင်ပဲ ချိုးသင့်ပါတယ် ”

အဲ့ဒါနဲ့ပဲ မြင်းစီးသူရဲကောင်းဟာ ဝင်စပြုနေတဲ့ နေမင်းရဲ့ နောက်ဆုံးအလင်းတန်းအောက်မှာ ကံကောင်းခြင်းရေပန်းက ရေကိုချိုးလေသည်။ သူ့ကိုယ်သူလဲ ရာချီနေတဲ့ လူတွေထဲကမှ ချိုးခွင့်ရသူဖြစ်စေတဲ့ သူ့ကံကိုသူ မယုံကြည်နိုင်စွာ အံ့သြနေလေသည်။နေမင်းဟာ မိုးကုပ်စက်ဝိုင်းမှာ ဝင်သွားတဲ့ အခါ မြင်းစီးသူရဲမောင်ကံဆိုးဟာ သူရဲ့အောင်မြင်မှုကို ဂုဏ်ယူစွာနဲ့ ရေပန်းအောက်ကထွက်လာကာ သံချပ်ကာဝတ်စုံကိုချွတ်ပြီး အမ်မတာရဲ့ရှေ့မှာ ချထားလိုက်လေသည်။ သူ့အတွက် အမ်မတာဟာ အကြင်နာဆုံးနဲ့ အလှပဆုံးမိန်းမတစ်ယောက် ဖြစ်နေကြောင်း နားလည်လိုက်ပြီး သူမကို လက်ထပ်ခွင့် ပေးဖို့ တောင်းဆိုလိုက်လေသည်။ အမ်မတာကလဲ သူမနဲ့ ထိုက်တန်သော အမျိုးကောင်းသားတစ်ယောက်ကို တွေ့ရှိလိုက်တာမို့ ပျော်ရွှင်စွာပဲ လက်ထပ်ခွင့် ပေးလိုက်၏ ။

ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲကောင်းတို့ဟာ တစ်ယာက်လက်ကို တစ်ယောက်ဆွဲကာ တောင်ကုန်းပေါ်ကနေ အတူတူ ပြန်ဆင်းလာကြပြီး ဘဝတစ်လျှောက် ပျော်ရွှင်စွာ နေထိုင်သွားကြလေသည်။ ကံကောင်းခြင်းရေပန်းက ရေဟာ ဘာမှော်ပညာနဲ့ မှ လုံးဝစီရင် မထားကြောင်းကိုတော့ သူတို့ထဲက တစ်ယောက်မှ သိလဲမသိ သံသယလဲ မရှိခဲ့ကြပေ။

Note: The Tale of Beedle the Bard စာအုပ်ထဲက The Fountain of Fair Fortune ဆိုတဲ့ ပုံပြင်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။

အပြည့်အစုံသို့...