Wednesday, 4 July 2007

ထူးပါတယ်...

မက္ကဆီကို နိုင်ငံရဲ့တစ်ခုသော ညနေခင်းတွင်၊ ကျွန်တော့် သူငယ်ချင်းတစ်ယောက်သည် ကမ်းခြေ တစ်လျှောက် လမ်းလျှောက်ထွက်လာလေသည်။ မလှမ်းမကမ်းမှာ ထူးဆန်းသော လူတစ်ဦးကို တွေ့လိုက်သည်။ ကုန်းကုန်ကွကွနှင့် ကမ်းပေါ်က အရာတစ်ခုကို လှမ်းကောက်လိုက် ပင်လယ်ထဲသို့ပစ်ချလိုက်နှင့် အလုပ်ရှုပ်နေသည်။
စူးစမ်းလိုစိတ်နှင့် အနားကပ်ကြည့်လိုက်သောအခါ သူမြင်တွေ့ရသည်မှာ ထိုလူသည် ကမ်းခြေပေါ်ရှိ ကြယ်ငါးများကို တစ်ကောင်ချင်း ကောက်ယူကာ ပင်လယ်ထဲ လှမ်းပစ်ချနေခြင်းပင်ဖြစ်သည်။
သူငယ်ချင်းက ထိုလူကို အားမလိုအားမရ ဖြစ်ဟန်ဖြင့် - ”နောင်ကြီး ကျွန်တော်မရှင်းလို့ မေးခွင့်ပြုပါ။ နောင်ကြီး အခုဘာလုပ်နေတာပါလဲ။” ဟု မေးလိုက်သည်။ ထိုလူက - ”ကျွန်တော် ကြယ်ငါးတွေကို တစ်ကောင်ချင်း ပင်လယ်ထဲ ပြန်ပို့ပေးနေတာပါ။” ” အခုအချိန် ဒီရေကျနေတော့ ကြယ်ငါးတွေ သောင်ပြင်ပေါ် ပါလာနေလို့ပါ။ အဲဒီတော့ အောက်ဆီဂျင်မရပဲ သေသွားနိုင်တယ်လေ။ ” ဟု အေးဆေးစွာ ပြန်ဖြေလိုက်သည်။ ”အော်... ကျွန်တော်နားလည်ပါပြီ။ ” သူငယ်ချင်းက ပြောလိုက်သည် ” သို့ပေမယ့် ဒီကမ်းခြေမှာ သောင်တင်နေတဲ့ ကြယ်ငါးတွေ အများကြီး ရှိမှာပဲ။ အဲဒါတွေကို ဘယ်လိုကုန်အောင် ကောက်မှာတုန်းဗျ။” ”ပြီးတော့ နောင်ကြီး စဉ်းစားကြည့် ဒီကမ်းရိုးတန်းမှာဆို ကမ်းခြေတွေ အများကြီးရှိ နိုင်တယ်။ ဒီလိုလိုက်ကောက်နေတော့ ဘာအကျိုးထူးမှာလဲဗျ။” ဟုပြောလိုက်သည်။
ထိုလူက အပြုံးဖြင့်ကြည့်ပြီး သောင်ပြင်ပေါ်မှ ကြယ်ငါး နောက်တစ်ကောင်ကိုကောက်ယူကာ - ”ဒီ ကြယ်ငါး တစ်ကောင် အတွက်တော့ အကျိုး ထူးပါတယ်ဗျာ ” ဟုပြောလိုက်လေသတည်း.....

ဒီပုံပြင်ထဲကလိုပဲ လူတွေလဲ ကိုယ့်တာဝန်ကိုယ်ယူပြီး တစ်ထောင့်တစ်နေရာက လောကအကျိုးကို သယ်ပိုးကြမယ် ဆိုရင်ဖြင့်........
(CHICKEN SOUP FOR THE SOUL မှ ONE AT A TIME ၀တ္တုကို ဆီလျှော်အောင်ပြန်ဆိုသည်။ )

No comments: