Sunday, 23 September 2007

ထို သေတ္တာလေးက သာမန်သေတ္တာ…… သို့ ပေမဲ့။


ဒီပုံပြင်လေးက တော့ တော်တော်ကြာလို့ ဟောင်းနေပါပြီ။ ဒီလိုပါ။ အဖေက သုံးနှစ်အရွယ် မိန်းကလေး တစ်ယောက်ကို ရွှေရောင် ပါကင်စာရွက် ကို ဖြုန်းတီးမှုဖြင့် ဆုံးမနေသည်။ ငွေ အကျပ် အတည်းဖြစ်နေချိန်တွင် ဖြုံးတီးရကောင်းလားဟု အပြစ်ပေးခြင်းဖြစ်သည်။ ထိုညက ကလေးမလေးက ခရစ်စမတ် သစ်ပင်ခြေရင်းတွင် ဝမ်းနည်းစွာဖြင့် ထို ရွှေရောင် သေတ္တာလေးကို ချထားခဲ့သည်။
နောက်တနေ့ မနက်။ “ ဒါဖေဖေ့အတွက် ” ဟုဆိုကာ ရွှေရောင် သေတ္တာလေးကို သူမ အဖေ ထံပေးလာသည်။ အဖေကတော့ ယခင်က စိတ်ဆိုးခဲ့သည်ကို ပြန်လည် နောင်တရနေမိသည်။ ဒါပေမဲ့ သေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ စိတ်ပြန်ဆိုးသွားသည်။ သေတ္တာထဲမှာ ဗလာနတ္တိ။ သူ သမီးလေးကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။ “လက်ဆောင်ပေးတယ်ဆိုတာ တစ်ခုခု ပါရတယ်ကွ။ ” သူအော်လိုက်တော့ မိန်းကလေးက ငိုသံပါပါနဲ့ ပြန် ဖြေသည်။ “ ဒီသေတ္တာက ဗလာမဟုတ်ပါဘူးဖေဖေ။ အထဲမှာ သမီး အနမ်းတွေ အများကြီးထည့်ထားတယ်။ အားလုံး ဖေဖေ့ အတွက်ပါ။ ” ဆိုသော အဖြေစကားကြားရလေသည်။
သမီးလေးရဲ့ ဖေဖေ ဒီတစ်ခါတော့ မှင်သက်မိသွားသည်။ ဆွ့ံအသွားသည့်နှယ်။ ပြီးမှပဲ သမီးလေးရှေ့ ချက်ချင်း ဒူးထောက်လို့ သူ့လက်တွေနဲ့လည်း သိုင်းဖက်ထားသည်။ ဖေဖေ့ကို ခွင့်လွှတ်ပါ ဟုလဲ အကြိမ်ကြိမ်တောင်းပန်နေတော့သည်။
များမကြာမီပဲ ကားမတော်တဆမှုတစ်ခုက အဖေ့ဆီကနေ သမီးလေးကို အပြီးပိုင် ခွဲကာခေါ်သွားတော့သည်။ ထိုအဖေသည်လည်း သမီးလေးပေးသော လက်ဆောင် ရွှေရောင် သေတ္တာလေးထဲမှ အနမ်းများကို စိတ်ညစ်တိုင်း၊ အားငယ်တိုင်း ထုတ်ကြည့်ကာ သမီးလေး၏မေတ္တာကိုလဲ အမြဲပင် သတိရကာနေပါတော့သည်။


လူတိုင်းတွင် ချစ်မေတ္တာနှင့် အနမ်းများစွာထည့်ထားသော ရွှေသေတ္တာ ပိုင်ဆိုင်ကြသည်။ မိသားစုများ၊ သူငယ်ချင်းများ ဆီမှ။ ထိုအရာထက် မည်သည့်အရာကမျှ တန်ဖိုးမရှိနိုင်ပေ။


ထို သေတ္တာလေးက သာမန်သေတ္တာ…… သို့ ပေမဲ့။ အနမ်းတွေနဲ့ ပြည့်လျှမ်းနေတဲ့ သေတ္တာ။

No comments: