Saturday, 22 September 2007

အတွေးလွန် ဝတ္တု


အချိန်သည်ကား ခရစ်နှစ် ၂၁၅၅ မတ်လ ၁၇ ရက်။

လမ်းမကြီး တစ်လျောက်လုံး တိတ်ဆိတ် ငြိမ်သက်လို့ နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိန်းကလေးတစ်ဦး ဝုန်းခနဲ ရောက်ချလာသည်။ သူမစီးလာသောယဉ်ပျံမှာလဲ ရုတ်ချည်း ပင် ပျောက်ကွယ်သွားတော့သည်။


သူမကား မူလတန်းကျောင်းသူအရွယ် မိန်းကလေးတဦး။ နာမည်က ဆူဆန်။
သူမ၏သူငယ်ချင်းထံသို့ အရေးကြီး တွေ့ ရှိချက်တစ်ခုကို ဖောက်သည်ချရန် ရောက်လာခြင်းဖြစ်သည်။ ခြံတံခါး ဝအနားရောက်လာတော့ “ဘယ်သူပါလဲ၊ ဘယ်သူနဲ တွေ့  ချင်ပါသလဲ ” ဟုအသံတစ်ခု တံခါးဝမှ ထွက်ပေါ်လာသည်။ “တွမ်ရဲ့ သူငယ်ချင်း ဆူဆန်ပါရှင်” ဟုပြောလိုက်ပြီးချင်း ခြံတံခါးမှာ အလိုလျောက် ပွင့်သွားသည်။
အခန်းတစ်ခန်းထဲတွင် အလုပ်ရှုပ်နေပုံပေါ်သော တွမ်ကိုသူမတွေ့လိုက်ရသည်။ “ဟေ့တွမ်။ ငါအရေးကြီး ပြောစရာရှိလို့။ ငါ့အဖိုးက တစ်ခါပြောဖူးတယ် သူ့ အဖိုးလက်ထက်က ဆိုရင် ပုံပြင်တွေက စာအုပ်တွေပေါ်မှာ ပုံနှိပ်ထားကြတယ်တဲ့ ။ အခု ငါ့အဖိုး ပေးလိုက်လို့ အဲဒီပုံပြင် စာအုပ်တစ်အုပ် ရလာခဲ့ပြီ။ ” ဟုပြောရင်း ပစ္စည်းတစ်ခုကို ထုတ်ပြသည်။ သူတို့ နှစ်ဦး စာရွက် တွေကို ပျော်ရွှင်စွာ လှန်ကြည့်နေကြသည်။ အဝါရောင်သန်းနေပြီး ကျွတ် ဆတ်နေသော စာရွက်ပေါ်မှ ရုပ်သေနေသော ရုပ်ပုံများကို ထူးဆန်းစွာကြည့်နေကြသည်။ မထူးဆန်းပဲနေရိုးလား။ သူတို့ ဖတ်နေကျ ပုံပြင်စာအုပ်များမှ လှုပ်ရှားနေသော ဇာတ်ကောင်များနှင့်ယှဉ်လျှင်တော့ ထူးဆန်းသပေါ့။ ရေးထားသည့် အကြောင်းအရာများကလည်း ထူးဆန်းချင်စရာပင်။ “ကျောင်း”အကြောင်း။

“ကျောင်းအကြောင်းကို ဘာလို့များ ရေးကြီးခွင်ကျယ် လုပ်ပြီး ထည့်ရေးနေရတာလဲမသိဘူး” တွမ်က မျက်လုံးအဝိုင်းသားနှင့် မေးလိုက်တော့ “လွန်ခဲ့ တဲ့နှစ်ပေါင်းများစွာက ကျောင်းက အခုနဲ့မှ မတူပဲဟ။ သူတို့မှာက ဆရာဆိုတာ ရှိတယ်။ ဆရာရှိတာ မဆန်းပေမဲ့ သူတို့ဆရာက ရိုးရိုးဆရာမဟုတ်ဘူးဟ၊ “လူ”ဆရာကြီး တစ်ယောက်ဟဲ့” ဟု ဆူဆန်က ဆရာမကြီးပုံဖမ်းကာ ပြောလိုက်သည်။ တွမ်က လဲစိတ်ဝင်တစား။ “လူတစ်ယောက်က ဘယ်နှယ့်လို့ ဆရာဖြစ်နိုင်မှာတုန်းဟ ကြံကြီးစည်ရာ။ ” “နောက်ပြီးတော့ ငါကတော့ သူစိမ်းတစ်ယောက်ကို ကိုယ့်အိမ်ကိုခေါ်သင်ရမှာ ….. တွေးတောင်မတွေးမိဘူး” ဟုမယုံသင်္ကာ အသံဖြင့် ပြန်ပြောသည်။ အဲဒီမှ ဆူဆန်က “ မသိဘဲနဲ့ လျှောက်ပြောမနေနဲ့ တွမ်၊ သူတို့ ဆရာတွေက အိမ်မှာ မဟုတ်ဘူးဟ။ သူတို့မှာ သီးသီးခြားခြား အဆောက်အဦး တစ်ခုရှိတယ်။ ပြီးတော့ ကလေးတွေအားလုံးက အဲဒီနေရာကို လာကြတယ်။ စာသင်ကြတယ်လေ” ဆူဆန်က ရှင်းပြနေသည်။

“ ဒါဆိုရင် ကလေးတွေ အကုန်လုံးက ဘာသာရပ်တူတူတွေကို သင်ကြ ရတာပေါ့ ဟုတ်လားဆူဆန်။” ဟု ပြန်မေးခွန်းထုတ်သည်။ ဆူဆန်က “ အသက်တူတူဆိုရင် ဘာသာတူတူ သင်ကြတာပေါ့။ သိချင်ရင် ဆက်ဖတ်ပါတွမ်ရာ။ စကားမများစမ်းပါနဲ့ ” ဟုဆိုကာ နောက်စာမျက်နှာကို လှန်လိုက်သည်။ “ ငါ့အမေပြောဖူးတယ်ဟ။ မိန်းကလေး ယောက်ျားလေး တစ်ဦးစီရဲ့  သင်ယူနိုင်မှု အခြေအနေနဲ့ စိတ်နေစိတ်ထားတွေကို လိုက်ပြီး ဆရာဆိုတာ တီထွင်ရတာတဲ့။ ပြီးတော့ နင်ဆိုရင်လဲ နင့်မိဘက လိုက်ဖက်တဲ့ဆရာကို သီးသန့် ဝယ် ဆင်ထားတာပဲမဟုတ်လား” ဟု ရှည်လျား စွာ အတွန့်တက်လိုက်သည်။ “ နင်ဆက်မဖတ်ချင် မဖတ်နဲ့တော့ဟာ” “သူတို့တုန်းက အခုလိုမှ မတူပဲနဲ့” ဟုဆူဆန်က ပြန်အော်လိုက်သည်။ အဲဒီတော့မှ တွမ်က “ ငါမဖတ်ချင်ဘူးလို့လဲ မပြောခဲ့ပါဘူး” ဟု လျင်မြန်စွာပြန်ဖြေသည်။

သူမဖတ်ရမှာတော့စိုးသည်။ ရှေးရှေးက ကျောင်း အကြောင်းကိုတော့ သူတော်တော်စိတ်ဝင်စားသွားသည်။ အကြောင်းအရာများကတော့ ရယ်ချင်စရာ။ လူကစာသင် သတဲ့လေ။ ပြီးတော့ ကလေးတွေအကုန်က တူတူ စာသင်ကြရသတဲ့။ အင်းလေ ပျော်စရာတော့ ကောင်းမှာပဲ။ သူတစ်ကိုယ်ထဲတွေးနေမိသည်။
သူတို့နှစ်ယောက်စာအုပ်ဖတ်နေရင် တစ်ဝက်မကျိုးသေးခင်မှာပင် တွမ်၏အမေက ခေါ်သည်။ “ သားရေ ကျောင်းချိန်ရောက်ပြီ။ ဆူဆန်လဲ ကျောင်းချိန်မဟုတ်လားကွယ်။ ပြန်တော့လေ သမီးလေး။”

ဆူဆန်က ဖုန်တက်နေသော စာအုပ်ကြီးကိုမပြီး အိမ်ပြန်ရန် ပြင်သည်။ တွမ်ကတော့ စာသင်ရန် အခန်းဆီသို့ လျှောက်သွားသည်။ တွမ်၏ အခန်းနှင့် ကပ်လျှပ် ရှိသော အခန်း။ ပြီးတော့ သူ့ အမေ ဝယ်ပေးထားသောဆရာ။ ဟိုရှေးခေတ်က လူဆရာနှင့်တော့ ကွာသည်။ သူ့ ဆရာက “ စက် ” ဆရာ။ စနေတင်္နဂနွေမှလွဲ ပြီးကျန်ရက်များအားလုံး ဒီအချိန်ဆိုရင် စာသင်ရသည်။ သူ့ ရှေ့ မှလင်းလာသော တီဗွီဖန်သားပြင် ကြောင့် တွမ်၏အတွေးများ ရပ်သွားခဲ့ရသည်။ “ ဒီနေ့ သင်မှာကတော့ အပိုင်းဂဏန်းများပေါင်းနည်းဖြစ်ပါတယ် ” ဟူသော နေ့တိုင်းကြားနေကျ ရိုးအီနေသည့် အသံကြီး။ “ မနေ့က ပေးလိုက်တဲ့ အိမ်စာကို memory card အပေါက်ထဲကို ထည့်ပါ” ဟုလဲ ထို စက် ဆရာက ဆက်ပြောနေသည်။ သူ လုပ်နေကျအတိုင်း ထိုးထည့်လိုက်ပြီး ဆက်တွေးနေသည်က ……. ရှေးကဆိုလျှင် အရွယ်တူ ကလေးများ တစုတစည်းတည်း။ ရီကြမောကြ၊ ပျော်ကြပါးကြနှင့် ။ စာသင်တော့လည်း အတူတူ။ အိမ်ပြန်တော့လည်းအတူတူ။ တစ်ယောက်နှင့် တစ်ယောက် အိမ်စာလဲကူ ရှင်းပြနိုင်သည်မဟုတ်လော။ ဆရာများကလဲ လူတွေဆိုတော……. ဟု တွေးနေစဉ် စက်ဆရာက “ ၁/၄ နဲ့ ၁/၈ ပိုင်းပေါင်းရင် ..” ဟု ပျင်းစရာသင်္ခန်းစာကြီးကို ဆက်ဆွေးနွေးနေပြန်သည်။

“ တီဗွီကြီး ဖွင့်ပြီးဘာလုပ်နေတာလဲ ကွ.. ” ယောက်ျားကြီးတစ်ယောက်အသံ။ ထို စက်ဆရာ၏ အသံမဟုတ်တာတော့ သေချာသည်။ အသံကတော့ အတော် ရင်းနှီးနေသယောင်။ ဒါဆို တွမ်၏ အဖေလား… အဖြေကတော့ “ မဟုတ်ပါ” ။
ကျွန်တော့်အဖေ။ ရှေ့ တည့်တည့်တွင်လဲ ထပ်တလဲလဲ ကြည့်နေကျ “I, Robot ” ကားပွင့်လျှက်ရှိနေသည်။ “ မိုးချုပ်နေပြီ အိပ်တော့ ” ဟု အဖေက ပြောသွားသဖြင့် ဒီဗွီဒီ စက်ကို ပိတ်ပြီး အခန်းထဲ ဝင်အိပ်ဖို့ပြင်သည်။
နားထဲမှာတော့ စက်ဆရာ၏ “ ၁/၄ နဲ့ ၁/၈ ပိုင်းပေါင်းရင် ..” ဟု ပျင်းစရာသင်္ခန်းစာကြီး အသံကို သာကြားယောင်နေသည်။

လက်စသတ်တော့ ငါအိပ်မက် မက်နေတာပါလား………..

2 comments:

Anonymous said...

ကျနော် ထင်တာကတော့ အဲဒီအချိန်ရောက်ရင် လေယဉ်ရော၊ ကျောင်းကော ရှိချင်မှ ရှိနိုင်တော့မယ်။ အွန်လိုင်းနဲ့ပဲ လူတွေက ခရီးသွားကြတော့မယ်။ Google Earth ရဲ့ အမြင့်ဆုံး အဆင့်အဖြစ် မြေပုံထဲမှာ လူကိုယ်တိုင် သွားနိုင်တဲ့ Program တွေ ပေါ်လာနိုင်တယ်။ ကျောင်းအနေနဲ့က ကိုယ့်ဟာကိုယ် ၀င်လေ့လာနိုင်တဲ့ Free website တွေပဲ ရှိနိုင်တော့မယ်။ ဘာလို့လဲဆိုတော့ အခုတောင် Social Democracy အရ Free Education တွေ ပေးနေပြီဖြစ်လို့ အဲဒီလို ဖြစ်ကောင်းဖြစ်လာ နိုင်တယ်လို့ ယူဆနိုင်ဖွယ်ရာ ရှိတယ်။

min said...

ကို ပန့် ပြောပုံဆိုရင် နောက် နှစ် ၁၅၀ လောက်ဆိုရင် teleportation ကြီးပါ ပေါ်လာမှာပေါ့... မပြောတတ်တော့ဘူး. ထိုင်နေရင်းနဲ့ ဟိုအိမ်ဒီအိမ် လျှောက်သွားလို့ရရင်တော့ အကောင်းသား... ဘာယဉ်ပျံမှလဲ စီးစရာမလိုဘူး.. ဘာပဲဖြစ်ဖြစ်ပါ .. ကွန်မန့်အတွက် ကျေးဇူးပါ.